သဗ္ဗေ သင်္ခါရာ အနိစ္စာတိ၊ ယဒါ ပညာယ ပဿတိ။ အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ဝိသုဒ္ဓိယာ။ ---- ဘိက္ခဝေ- ချစ်သား ချစ်သမီးတို့၊ သဗ္ဗေ- ခပ်သိမ်းကုန်သော၊ သင်္ခါရာ- သင်္ခါရတရားတို့သည်၊ အနိစ္စာ- အမြဲမရှိကုန်၊ ဣတိ- ဤသို့၊ ယဒါ- အကြင်အခါ၌၊ ပညာယ- ဝိပဿနာပညာဖြင့်၊ ပဿတိ- ရှုမြင်၏၊ အထ- ထိုသို့ ရှုမြင်သည်ရှိသော်၊ ဒုက္ခေ- သံသရာဝဋ်ဆင်းရဲ၌၊ နိဗ္ဗိန္ဒတိ- ငြီးငွေ့၏၊ ဧသ- ဧသော- ဤသို့ငြီးငွေ့သည်ရှိသော်၊ ဝိသုဒ္ဓိယာ- မဂ်ဖိုလ်နိဗ္ဗာန်ရောက်ခြင်း၏၊ မဂ္ဂေါ- လမ်းကြောင်းတည်း..။
Wednesday, October 28, 2015
သီတင်းကျွတ်လပြည့်နေ့နှင့် ပဝါရဏာမှတ်ဖွယ်..
သီတင်းကျွတ်လပြည့်နေ့သည် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်တွင် အဘိဓမ္မာတရားကို ဟောကြားတော် မူသောနေ့ဖြစ်သလို  ဝါကျွတ်၍ သံဃာတော်များ ပဝါရဏာပြုရသောနေ့လည်း ဖြစ်ပါသည်..။
ဤအကြောင်းနှင့်စပ်လျှင်း၍ သုတအလို့ငှာ ရှင်းပြရလျှင် .
ပဝါရဏာဟူသည်
၁။ သံဃာ့ ပ၀ါရဏာ-သံဃာတော်များပြုသော ပ၀ါရဏာ။
၂။ ဒေ၀ ပ၀ါရဏာ-နတ်များပြုသော ပ၀ါရဏာ။
၃။ မနုဿ ပ၀ါရဏာ-လူများပြုသောပ၀ါရဏာ-ဟု သုံးမျိုးရှိသည်။
၁။ သံဃာ့ပ၀ါရဏာ-သိမ်တစ်ခုတွင်းဝယ် သံဃာတော်များ ညီညီညွတ်ညွတ် စုဝေးကြပြီးလျှင် တစ်ပါးနှင့်တစ်ပါး အချင်းချင်း အပြန်အလှန် အပြစ်ရှိက ပြောဆိုဖို့ရန် မိမိကိုယ်ကို အပ်နှံခြင်း, ဖိတ်ကြားခြင်း။
ထိုပ၀ါရဏာ ခွင့်ပြုတော်မူခြင်း အကြောင်းရင်းကား-
ဗုဒ္ဓမြတ်စွာသည် သာဝတ္ထိမြို့ ဇေတဝန်ကျောင်း၌ ဝါကပ်တော်မူ၏။ ရဟန်း တော်တော်များများလည်း ကျောင်းတိုက်တခုတည်းမှာ စုပေါင်း ဝါကပ်ကြသည်။ ထိုရဟန်းတို့သည် ‘အချင်းချင်း ညီညွတ်စွာ နေနိုင်ရေး၊ အငြင်းအခုန်ကင်းရေး၊ ချမ်းသာစွာ နေနိုင်ရေး’ဟူသော ဦးတည်ချက်ဖြင့် မူချ၍ သဘောတူ ကျင့်သုံးရန် ဆုံးဖြတ်ကြသည်။ ထိုဆုံးဖြတ်ချက်ကား – ‘အချင်းချင်း စကားမပြောရ၊ ဝစီပိတ်နေရမည်’ ဟူ၏။ 
 ဘယ်နည်းနှင့်မျှ စကားပြောဆိုခြင်းကို မပြုရဟူသော ဝစီပိတ်စည်းကမ်းချက်များဖြင့် တဝါတွင်းလုံး နေထိုင်ကြပြီး။ထိုရဟန်းတော်များသည် သီတင်းဝါလကျွတ်သောအခါ ဗုဒ္ဓမြတ်စွာထံ သွားရောက် ဖူးမြော် ကန်တော့ကြလေသည်။
ဗုဒ္ဓမြတ်စွာသည် အာဂန္တုကရဟန်းတော်များနှင့် ဝမ်းပန်းတသာ မေးမြန်းပြောဆိုလေ့ရှိသည့်အတိုင်း – “ချစ်သားတို့၊ ချမ်းချမ်းသာသာ နေထိုင်ခဲ့ကြရပါရဲ့လား၊ တဦးနှင့်တဦး ခိုက်ရန် ငြင်းခုန်မှု ပြုခြင်းမရှိ ညီညွတ်စွာ နေထိုင်နိုင်ကြပါရဲ့လား”ဟု မေးမြန်းတော်မူသည်။ ထိုအခါ ရဟန်းတော်များက တဝါတွင်းလုံး သူတို့ နေထိုင်ခဲ့ကြပုံ လျှောက်ထား၍ ချမ်းသာစွာ နေခဲ့ရပါကြောင်း ပြန်ပြောင်း လျှောက်တင်ကြလေ၏။
ဤတွင် ဗုဒ္ဓမြတ်စွာသည် ထိုရဟန်းတို့ကို ကဲ့ရဲ့ ရှုံ့ချတော်မူသည်။ အပြစ်တင်တော်မူသည်။
“သင်တို့သည် ချမ်းချမ်းသာသာ မနေခဲ့ကြရပါဘဲ ချမ်းသာစွာ နေခဲ့ကြရပါသည်”ဟု ဝန်ခံကြသည်။ သင်တို့၏ ဤဝစီပိတ်အကျင့်သည် တောတွင်းတိရိစ္ဆာန်တို့၏ နေထိုင်နည်းသာ ဖြစ်သည်။ သိုးတွေရဲ့ နေထိုင်နည်းသာ ဖြစ်သည်။ ရန်သူအချင်းချင်းတို့၏ အမူအကျင့်နည်းတွေသာ ဖြစ်သည်။
(ရန်သူဖြစ်နေလျှင် အချင်းချင်း မပြောနိုင် မဆိုနိုင်ကြ။) သင်တို့သည် အဘယ်ကြောင့် ‘အ,အတို့၏ အကျင့်’၊ တိတ္ထိတို့၏ ကျင့်စဉ်ကို ဆောက်တည်ကျင့်သုံးကြရသနည်း။ ဤအကျင့်သည် သာသနာတော်ကို မကြည်ညိုသေးသူတို့အတွက် ကြည်ညိုလာရန်လည်းကောင်း၊ ကြည်ညိုပြီးသူတို့အတွက် ပိုမို၍ ကြည်ညိုသဒ္ဓါတက်စေရန်လည်းကောင်း မဖြစ်နိုင်ပေ ဟု ကဲ့ရဲ့ ရှုံ့ချတော်မူကာ “သာသနာပ တိတ္ထိတွေကျင့်စဉ်ဖြစ်သည့် ဤ‘လူအ,အကျင့်’။ ‘ဝစီပိတ်အကျင့်’ကို ကျင့်သုံးက ဒုက္ကဋ်အာပတ်သင့်စေ”ဟု သိက္ခာပုဒ် ပညတ်၍ ပိတ်ပင်တော်မူခဲ့လေသည်။
ထိုသို့ စကား-လုံးဝမပြောပဲ နေကြခြင်းသည်---
သားကောင် တိရစ္ဆာန်တို့၏ ပေါင်းသင်းနေထိုင်ခြင်း (ပသုသံဝါသ-1), နှင့်တူ၏၊
စကားမပြောနိုင်သူ လူအ,တို့၏ အကျင့် (မူဂပဗ္ဗတ-2) ဖြစ်သော တိတ္တိတို့ ဆောက်တည်သော အကျင့်လည်း ဖြစ်၏ (-3။) ဟု ကဲ့ရဲ့ရှုတ်ချတော်မူပြီးလျှင် သီလ-သမာဓိ ပညာတိုးပွား အကျိုးများသော တရားစကားကို ပြောဆိုနေထိုင်ကြကာ (-4) သီတင်းကျွတ်လပြည့်နေ့၌ သံဃာတော်များအားလုံး တသိမ်တည်းမှာ စုဝေးပြီး အချင်းချင်း အပြန်အလှန် ဖိတ်ကြား ပ၀ါရဏာပြုကြရမည်-ဟု ပညတ်တော်မူခဲ့လေသည်။
(ပ၀ါရဏာပြုပုံ)
သံဃံ ဘန္တေ ပ၀ါရေမိ ဒိဋ္ဌေန ၀ါ, သုတေန ၀ါ, ပရိသင်္ကာယ ၀ါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။
ဒုတိယမ္ပိ ဘန္တေ သံဃံ ပ၀ါရေမိ ဒိဋ္ဌေန ၀ါ, သုတေန ၀ါ, ပရိသင်္ကာယ ၀ါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။
တတိယမ္ပိ ဘန္တေ သံဃံ ပ၀ါရေမိ ဒိဋ္ဌေန ၀ါ, သုတေန ၀ါ, ပရိသင်္ကာယ ၀ါ,
ဝဒန္တု မံ အာယသ္မန္တော အနုကမ္ပံ ဥပါဒါယ၊ ပဿန္တော ပဋိကရိဿာမိ ။ ( ၀ိ-၃-၂၂၃ )
( မြန်မာ )
အရှင်ဘုရားတို့၊ မြင်ခြင်းအားဖြင့်သော်၎င်း, ကြားခြင်းအားဖြင့်သော်၎င်း, ယုံမှားခြင်းအားဖြင့်သော်၎င်း တပည့်တော်မှာ အပြစ်ရှိပါက ပြောဆိုဖို့ရန် သံဃာတော်ကို ဖိတ်မန်ပါ၏၊
အရှင်ဘုရားတို့သည် တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ပြောဆိုတော်မူကြပါဘုရား၊ တပည့်တော်သည် အပြစ်ကိုမြင်သော် ကုစားပါမည်ဘုရား။
နှစ်ကြိမ်မြှောက်လည်း-
သုံးကြိမ်မြှောက်လည်း-
1.    ပသုသံဝါသန္တိ ပသူနံ ၀ိယ သံဝါသံ။ ပသဝေါပိ ဟိ အတ္တနော ဥပ္ပန္နံ သုခဒုက္ခံ အညမညဿ န အာရောစေန္တိ၊ ပဋိသန္ထာရံ န ကရောန္တိ၊ တထာ ဧတေပိ န အကံသု။ တသ္မာ နေသံ သံဝါသော“ပသုသံဝါသော”တိ ၀ုစ္စတိ။ (၀ိ-ဋ္ဌ-၃-၃၅၆ )။
သားကောင်တို့၏ ပေါင်းသင်းနေထိုင်ခြင်းဟူသည် တကောင်၏ချမ်းသာဆင်းရဲကို အခြားတကောင်အား ပြောဆိုရိုးမရှိချေ။ ထို့အတူ စကားလုံးဝမပြောပဲ နေထိုင်သူတို့မှာလည်း တဦး၏ချမ်းသာဆင်းရဲကို အခြားတဦးအား မပြောဆိုပဲ နေထိုင်လတ်သော်
“သားကောင် တိရစ္ဆာန်တို့၏ ပေါင်းသင်းနေထိုင်ခြင်းနှင့် မခြားတော့ချေ”ဟု ဆိုလိုသည်။
2. စကားမပြောပဲ နေရုံမျှကို“မူဂပဗ္ဗတ-သူအတို့၏ အကျင့်”ဟု မိန့်တော်မူလိုရင်း မဟုတ်ပါ၊
“လုံးဝ စကား မပြောကြစတမ်း”ဟု ကတိက၀တ်ပြု၍ နေခြင်းကိုသာ “မူဂပဗ္ဗတ-အကျင့်”ဟု မိန့်တော်မူလိုပါသည်၊ ထိုအကျင့်မျိုးသည်သာ တိတ္တိတို့ ဆောက်တည်အပ်သောအကျင့်ဖြစ်သည်။
(၀ိ-ဋ္ဌ-၃-၃၅၆)။
 မူလပဏ္ဏာသ ပါဠိတော် ( ၂၁၇ ) နှင့် ဥဒါန်းပါဠိတော် ( ၈၉ ) တို့၌ ကြည့်ပါ။
၂။ ဒေ၀ ပ၀ါရဏာ-နတ်များ ပ၀ါရဏာပြုခြင်း။
သီတင်းကျွတ်လပြည့်နေ့တွင် စတုမဟာရာဇ်နတ်ပြည်နှင့် တာဝတိံသာနတ်ပြည်၌ ရှိကြသော အချို့သော နတ်တို့သည် စည်းဝေးကြကုန်လျက် “ယနေ့ အဘယ်ကျောင်းတိုက်သို့ သွား၍ အဘယ်မထေရ်၏အထံ၌ ပ၀ါရဏာပြုရပါကုန်အံ့နည်း”ဟု တိုင်ပင်ကြပြီးလျှင် သိကြားမင်းသည် များသောအားဖြင့် ပိယင်္ဂုကျွန်း၌ရှိသော မဟာဝိဟာရ (ကျောင်းတိုက်ကြီး) ၌သာလျှင် ပ၀ါရဏာပြု၍ အခြားနတ်တို့သည်ကား ပင်လယ်ကသစ်-စသော နတ်ပန်းများ, စန္ဒကူးနံ့သာ စသော နတ်နံ့သာတို့ကို ယူဆောင်၍ မိမိတို့နှစ်သက်ရာ ကျောင်းတိုက်ရှိ ရဟန်းတော်များထံသို့သာ သွားကြ၍ ပ၀ါရဏာပြုကြကုန်သည်။(၁)
ထိုနတ်တို့သည် မိမိတို့ရရှိထားသော စည်းစိမ်ချမ်းသာ၏ တာရှည်စွာ မြဲမြံခိုင်ခံ့ရန် အလို့ငှါ၎င်း, နောင်အခါ၌ သုတ်သင်စင်ကြယ် သန့်ရှင်းစေရန်အလို့ငှါ၎င်း, ငါးပါးသီလကို ထိန်းသိမ်း စောင့်ရှောက်ကြကုန်၏၊ မိမိတို့ စောက်ရှောက်သော သီလ စင်ကြယ်, မစင်ကြယ်သည်၏ အဖြစ်ကို သုတ်သင်ရန်အလို့ငှါ အပြစ်ပြ၍ ဆုံးမနိုင်ရန် ရဟန်းတော်များအား ဖိတ်မန်ကြလေသည်။(၂)
နတ်တို့ဖိတ်မန်ပုံအစီအစဉ် ပါဠိတော်,အဋ္ဌကထာ,ဋီကာတို့၌ တိုက်ရိုက်မပါရှိသော်လည်း သံဃာပ၀ါရဏာနှင့် အလျော်ပြုရပါမူ-
“အရှင်ဘုရားတို့၊ တပည့်တော်များ စောင့်ထိန်းအပ်သော သီလသည် စင်ကြယ်ပါသလားဘုရား, တပည့်တော်များအား သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် မစင်ကြယ်သောအမှုကို မြင်သော်၎င်း, ကြားသော်၎င်း, ယုံမှားရှိသော်၎င်း, ထုတ်ဖော်၍ ပြောဆိုတော်မူကြပါဘုရား၊ တပည့်တော်များ ပြန်လည်ပြုပြင်၍ ကျင့်သုံးကြပါမည်ဘုရား”ဟု ဖိတ်မန်ခြင်းပင်တည်း။
(၁) မဟာပ၀ါရဏာယပိ ပုဏ္ဏမဒိဝသေ သန္နိပတိတွာ "အဇ္ဇ ကတ္ထ ဂန္တွာ ကဿ သန္တိကေ ပ၀ါရေဿာမာ"တိ မန္တေန္တိ။ တတ္ထ သက္ကော ဒေ၀ါနမိန္ဒော ယေဘုယျေန ပိယင်္ဂုဒီပမဟာဝိဟာရသ္မိံယေ၀ ပ၀ါရေတိ။ သေသာ ဒေ၀တာ ပါရိစ္ဆတ္တကာဒီနိ ဒိဗ္ဗပုပ္ဖါ စေ၀ ဒိဗ္ဗစန္ဒနစုဏ္ဏာနိစ ဂဟေတွာ အတ္တနော အတ္တနော မနာပဋ္ဌာနမေ၀ ဂန္တွာ ပ၀ါရေန္တိ။ ဧ၀ံ ပ၀ါရဏသင်္ဂဟတ္ထာယ သန္နိပတန္တိ။(ဒီ-ဋ္ဌ ၂၊ မဟာဂေါဝိန္ဒသုတ်၊ ၂၄၀-၂၄၂)
(၂) တာဝတိံသာ, ဧကစ္စေ စ စာတုမဟာရာဇိကာ ယထာလဒ္ဓါယ သမ္ပတ္တိယာ ထာဝရဘာဝါယ, အာယတိံ သောဓနာယ စ ပဉ္စ သီလာနိ ရက္ခန္တိ၊ တေ တဿ ၀ိသောဓနတ္ထံ ပ၀ါရဏာသင်္ဂဟံ ကရောန္တိ။ တေန ၀ုတ္တံ "မဟာပ၀ါရဏာယာ"တိ အာဒိ။ (ဒီ-ဋီ၊ ၂၊ ၂၁၉)။
၃။ မနုဿ ပ၀ါရဏာ-လူများ ဖိတ်ကြားခြင်း။
လူများအချင်းချင်း ပ၀ါရဏာပြုခြင်း, ဖိတ်ကြားခြင်းမျိုးသည် ကျမ်းဂန်တို့၌ တိုက်ရိုက်မလာ ရှိသော်လည်း ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားပုံ, နတ်သိကြားများ ဖိတ်ကြားပုံကို အတုယူပြီး လူများလည်း အချင်းချင်းအပြစ်ပြ၍ ပြောဆို ပြုပြင်နိုင်ကြရန် ဖိတ်ကြားခြင်း ပ၀ါရဏာပြုသင့်ကြသည်။
ပြုပုံ-
ကျွန်တော် ကျွန်မများအပေါ်မှာ တစုံတခုသောအပြစ်ကို မြင်သော်၎င်း, ကြားသော်၎င်း, ယုံမှားသံသယ ရှိသော်၎င်း ပြောဆိုကြပါ, ပြုပြင်ကြပါ, ကျွန်တော် ကျွန်မတို့ လိုက်နာကျင့်သုံးကြပါမည်-ဟု အချင်းချင်း ဖိတ်ကြားထားပါက တစုံတယောက်၏အပြစ်ကို တွေ့ရှိခဲ့သော် ၀မ်းသာစွာ ပြောဆိုပြုပြင်ပေးခြင်း, လိုက်နာကျင့်သုံးခြင်းတို့ဖြင့် "ကျီးကို ဘုတ်က ရိုသေ, ဘုတ်ကို ကျီးက ရိုသေ" ဆိုရိုးစကားကဲ့သို့ အချင်းချင်း တဦးနှင့်တဦး ဂါရ၀ နိဝါတ တရား(ဂါရ၀-ရိုသေထိုက်သူကို ရိုသေခြင်း၊ နိဝါတ-မိမိကိုယ်ကို နှိမ့်ချခြင်း၊ မာန မရှိခြင်း။) လက်ကိုင်ထားကြလျက် မာန်မာနကင်းရှင်းကြ၍ ယခုဘ၀၌လည်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ နေထိုင်ကြရပြီးလျှင် နောင်သံသရာ၌လည်း တဦးမေတ္တာ တဦးမှာ ကူးယှက်ခါဖြင့် အချင်းချင်း ကူညီဖေးမ,နိုင်ကြသောကြောင့် လူ-နတ်-နိဗ္ဗာန် သုံးတန်သောချမ်းသာတို့ကို ရရာရကြောင်း ထုံးကောင်းဖြစ်ပါသည်။
ထို့ပြင် ၀ါကျွတ်ချိန်အခါ၌ မိဘများအား သားသမီးများက ပူဇော်ကန်တော့ခြင်း, ဆရားများအား တပည့်များက ပူဇော်ကန်တော့ခြင်း, အဘိုးအဘွားစသော သက်ကြီးရွယ်ကြီးများအား ငယ်ရွယ်သူများက ပူဇော်ကန်တော့ခြင်း, မိဘ, ဆရာ, သက်ကြီးရွယ်ကြီးတို့ကလည်း ဆုပေးခြင်း, ဆုံးမစကားများ ပြောဆိုခြင်း-ဟူသော အချင်းချင်း ကာယကံမေတ္တာ, ၀စီကံမေတ္တာ, မနောကံမေတ္တာများကို ခံယူကြရသောကြောင့် ကိုယ်ရောစိတ်ပါ ချမ်းသာကြလျက် ကုသိုလ်တရားများ တိုးပွားကြပါသည်။
ထိုကဲ့သို့ အပြစ်တွေကင်း ကျန်းမာ ချမ်းသာခြင်း ဖြစ်ကြဖို့ရန်အတွက် သီတင်းကျွတ်လပြည့် ပ၀ါရဏာနေ့၌ ပ၀ါရဏာပြုကြရခြင်း ဖြစ်ပါသည်။
အားလုံးကိုယ်စိတ်နှလုံး ရွှင်ပြုံးကြပါစေ!
No comments:
Post a Comment